Sunday, October 16, 2016

ဓမ္မပဒအဖော်မွန် ၁၉

ဓမ္မပဒအဖော်မွန် - ၁၉
မြတ်ဗုဒ္ဓ၏ ဓမ္မပဒ
၁၉။ ဓမ္မဋ္ဌဝဂ္ဂ၊ တရားရှိခြင်း

အမှန်တရားဘက်မှာ ရပ်တည်ရဲသူ
( ဓ - ၂၅၆၊ ၂၅၇ )
အဆုံးအဖြတ်ပေးရမယ့် အမှုကိစ္စကို
အကြောင်းအမျိုးမျိုးကြောင့်
အနိုင်အထက်မုသားပြောဆိုပြီး ဆုံးဖြတ်ရင်
တရားတဲ့ဘက်မှာ ရပ်တည်သူမဟုတ်။
(တရားသူကြီးမဟုတ်)
ပညာရှိဟာ
ဟုတ်မှန်တဲ့အကြောင်း၊
မဟုတ်မှန်တဲ့အကြောင်း နှစ်ပါးလုံးကို
(စူးစမ်းဆင်ခြင်ပြီး) ဆုံးဖြတ်ပြောဆိုပါတယ်။

မချွတ်မယွင်း ဟုတ်မှန်တဲ့အတိုင်း
သူတစ်ပါးတွေကို
တရားနဲ့အညီ (ဖြစ်စေ)ရောက်စေသူ
တရားကိုစောင့်ရှောက်တဲ့ ထက်မြက်တဲ့ပညာရှိကို
တရားမှာတည်သူ တရားသူကြီးလို့ ခေါ်ဆိုသင့်ပါတယ်။

ဘေးမဖြစ်စေသူ
( ဓ - ၂၅၈ )
စကားအများကြီး ဟောပြောရုံနဲ့ ပညာရှိမဖြစ်ပါဘူး။
ဘေးမရှိ (ငြိမ်းအေးသူ)၊
ရန်မရှိ (အမျက်ဒေါသကင်းစင်သူ)၊
ဘေးအန္တရာယ်ဖြစ်အောင်မလုပ်သူကိုပဲ
ပညာရှိလို့ ဆိုသင့်ပါတယ်။

တရားဆောင်သူ
( ဓ - ၂၅၉ )
တရားအများကြီး ဟောပြောရုံနဲ့
တရားဆောင်သူ မဟုတ်ပါဘူး။
တရားနည်းနည်းပဲ နာကြားရပေမယ့်
သစ္စာလေးပါး မြတ်တရားကို မဂ်ဉာဏ်နဲ့ သိမြင်လို့
တရားကို မမေ့လျော့သူဟာ
တရားဆောင်သူအစစ်ပါပဲ။

ခေါင်းဖြူနေပြီ၊ စိတ်မဖြူသေးဘူးလား
( ဓ - ၂၆၀ )
ခေါင်းဖွေးဖွေးဖြူရုံနဲ့
သိက္ခာဂုဏ်ဝါကြီးမြတ်သူ မဖြစ်နိုင်ပါဘူး။
အသက်အရွယ်ကြီးရင့်ပြီး အချီးအနှီးအိုမင်းသူ လို့ပဲ
ဆိုနိုင်ပါတယ်။

သိက္ခာဂုဏ်ဝါ ကြီးမြတ်သူ
( ဓ - ၂၆၁ )
သစ္စာသိ တရားရှိသူ၊
မညှဉ်းဆဲသူ၊
စောင့်စည်းတတ်သူ၊
မကောင်းတဲ့စိတ်တွေမဖြစ်အောင် ဆုံးမတားမြစ်သူ၊
ကိလေသာအညစ်အကြေးတွေ ထွေးအန်ပြီးတဲ့
သမာဓိ ပညာရှိသူကိုပဲ
သိက္ခာဂုဏ်ဝါကြီးမြတ်သူလို့ ခေါ်ဆိုသင့်ပါတယ်။

ရုပ်ချော၊ အပြောကောင်းရုံနဲ့ မနောကောင်းသူမဖြစ်
( ဓ - ၂၆၂ )
မနာလို ဝန်တို ကောက်ကျစ်သူဟာ
စကားပြောကောင်းရုံနဲ့၊
ရုပ်ရည်အဆင်း ချောလှ(ကြည့်ကောင်း)ရုံနဲ့
ကောင်းသောသဘောရှိသူ မဟုတ်ပါဘူး။

စိတ်ထားကြည်ဖြူ သဘောကောင်းသူ
( ဓ - ၂၆၃ )
မနာလို ဝန်တို ကောက်ကျစ်တဲ့သဘောကို
လုံးဝအမြစ်ပြတ် ပယ်နှုတ်ဖြတ်ပြီးသူ၊
ကိလေသာအပြစ်တွေ ထွေးအန်ပြီးတဲ့ ပညာရှိကိုပဲ
သဘောကောင်းသူလို့ ဆိုသင့်ပါတယ်။

နှလုံးစိတ်ဝမ်း အေးချမ်းသူ
( ဓ - ၂၆၄၊ ၂၆၅ )
ခေါင်းတုံး တုံးရုံနဲ့
ကိလေသာကို ငြိမ်းအေးစေသူ မဖြစ်ပါဘူး။
(သီလ၊ ဓုတင်) ကျင့်ဝတ်တရားမရှိသူ၊
ချွတ်ယွင်းတဲ့စကား လိမ်ညာပြောဆိုသူ၊
လိုချင်တောင့်တ မက်မောစိတ်တွေ ပြည့်နေသူဟာ
ဘယ်မှာ ကိလေသာငြိမ်းအေးစေသူ ဖြစ်နိုင်ပါ့မလဲ?

သေးသေးကြီးကြီး မကောင်းဆိုးဝါး အကုသိုလ်ဟူသမျှကို ငြိမ်းအေးစေသူကိုပဲ
နှလုံးစိတ်ဝမ်းအေးချမ်းသူ (သမဏ)လို့
ခေါ်ဆိုသင့်ပါတယ်။

ကိလေသာကို ဖြိဖျက်ဆီးသူ
( ဓ - ၂၆၆၊ ၂၆၇ )
သူတစ်ပါးဆီက
တောင်းတတ်၊ အလှူခံတတ်ရုံနဲ့
ကိလေသာကို ဖြိုဖျက်ဆီးသူ မဖြစ်နိုင်ပါဘူး။
(တရားနဲ့မညီညွတ်တဲ့အကျင့်)
ပုပ်ညှီတဲ့ အဆိပ်သင့်အကျင့်ကို ဆောက်တည်ကျင့်သုံးရင်
ကိလေသာကို ဖြိုဖျက်ဆီးသူ မဖြစ်နိုင်ပါဘူး။

ဒီ(မြတ်ဗုဒ္ဓ)သာသနာတော်မှာ
ကုသိုလ် အကုသိုလ်ကို ပယ်နှုတ်ပထုတ်ပြီး
မြင့်မြတ်တဲ့အကျင့်ရှိသူ၊
ရုပ်နာမ်တရား ခန္ဓာငါးပါးဆိုတဲ့ လောကကို
ဉာဏ်နဲ့ဆင်ခြင် ပိုင်းခြားသိမြင်ကျင့်သုံးသူကိုပဲ
ကိလေသာကို ဖြိုဖျက်ဆီးသူ(ဘိက္ခု)လို့
ခေါ်ဆိုသင့်ပါတယ်။

ပညာရှိ တရားရှိ မြတ်မုနိ
( ဓ - ၂၆၈၊ ၂၆၉ )
ပညာမရှိတဲ့၊ တွေဝေသူ အလကားလူဟာ
ဆိတ်ဆိတ်နေရုံနဲ့ မုနိမဖြစ်ပါဘူး။
ကြောင်းကျိုးမြင်သိ ပညာရှိဟာ
ချိန်ခွင်ကို ကိုင်မြှောက်ပြီး နှိုင်းချိန်စက်သလို -
ကောင်းမှုကုသိုလ်အမြတ်တရားကို အရယူပြီး
မကောင်းမှုအကုသိုလ်ကို ရှောင်ကြဉ်ပါတယ်။
ဒါကြောင့် အဲဒီ ပညာရှိဟာ မုနိဖြစ်ပါတယ်။
အတွင်းအပြင် ခန္ဓာငါးပါး ရုပ်နာမ်တရား ဆိုတဲ့ လောကနှစ်ပါးကို
ပိုင်းခြားသိမြင်သူကိုလည်း
မုနိလို့ ခေါ်ဆိုသင့်ပါတယ်။

စိတ်ကောင်းရှိသူ မြင့်မြတ်သူ
( ဓ - ၂၇၀ )
သက်ရှိသတ္တဝါတွေကို
ညှဉ်းဆဲနှိပ်စက် (သတ်ဖြတ်)တာကြောင့်
သူတော်ကောင်း သူတော်မြတ် မဖြစ်ပါဘူး။
သက်ရှိများစွာ သတ္တဝါအားလုံးအပေါ်မှာ
သနားကြင်နာ ကရုဏာပွား (မေတ္တာထားပြီး) မညှဉ်းဆဲ မနှိပ်စက် (မသတ်ဖြတ်)တာကြောင့်
သူတော်ကောင်း သူတော်မြတ် (အရိယာ)လို့
ခေါ်ဆိုသင့်ပါတယ်။

ခရီးလမ်းအဆုံး ပန်းတိုင်အထိလျှောက်
( ဓ - ၂၇၁၊ ၂၇၂ )
သီလအကျင့်ရှိရုံနဲ့၊
အကြားအမြင်များရုံနဲ့၊
သမာဓိရရုံနဲ့၊
ဆိတ်ငြိမ်ရာမှာ နေရုံနဲ့၊
ပုထုဇဉ်တွေ မမှီဝဲနိုင်တဲ့ အနာဂါမိဖိုလ်ချမ်းသာကို
တွေ့ထိရောက်ရှိနေရုံနဲ့ ---
ဘိက္ခုရဟန်းဟာ
ရဟန္တာမဖြစ်သေးသမျှ
(အာသဝေါကုန်ရာ မရောက်နိုင်သေးသမျှ)
သက်သာရာရသွားပြီဆိုပြီး
ခိုနားရပ်တန့်တာကို မရောက်ပါစေနဲ့ဦး။



အရှင်ဉာဏဝရ(ပါရမီ) ပူဇော်ပါသည်။

၁၉. ဓမ္မဋ္ဌဝဂ္ဂေါ

၂၅၆. ဝိနိစ္ဆယမဟာမတ္တဝတ္ထု (၂၅၆၊ ၂၅၇)
န တေန ဟောတိ ဓမ္မဋ္ဌော၊ ယေနတ္ထံ သာဟသာ နယေ။
ယော စ အတ္ထံ အနတ္ထဉ္စ၊ ဥဘော နိစ္ဆေယျ ပဏ္ဍိတော။
၂၅၇.
အသာဟသေန ဓမ္မေန၊ သမေန နယတီ ပရေ။
ဓမ္မဿ ဂုတ္တော မေဓာဝီ၊ ‘‘ဓမ္မဋ္ဌော’’တိ ပဝုစ္စတိ။

၂၅၈. ဆဗ္ဗဂ္ဂိယဝတ္ထု (၂၅၈)
န တေန ပဏ္ဍိတော ဟောတိ၊ ယာဝတာ ဗဟု ဘာသတိ။
ခေမီ အဝေရီ အဘယော၊ ပဏ္ဍိတော တိ ပဝုစ္စတိ။

၂၅၉. ဧကုဒါနခီဏာသဝဝတ္ထု (၂၅၉)
န တာဝတာ ဓမ္မဓရော၊ ယာဝတာ ဗဟု ဘာသတိ။
ယော စ အပ္ပမ္ပိ သုတွာန၊ ဓမ္မံ ကာယေန ပဿတိ။
သ ဝေ ဓမ္မဓရော ဟောတိ၊ ယော ဓမ္မံ နပ္ပမဇ္ဇတိ။

၂၆၀. လကုဏ္ဍကဘဒ္ဒိယတ္ထေရဝတ္ထု (၂၆၀၊ ၂၆၁)
န  တေန ထေရော သော ဟောတိ ၊
ယေနဿ ပလိတံ သိရော။
ပရိပက္ကော ဝယော တဿ၊ မောဃဇိဏ္ဏော တိ ဝုစ္စတိ။
၂၆၁.
ယမှိ သစ္စဉ္စ ဓမ္မော စ၊ အဟိံသာ သံယမော ဒမော။
သ ဝေ ဝန္တမလော ဓီရော၊ ထေရော ဣတိ ပဝုစ္စတိ။

၂၆၂.  သမ္ဗဟုလဘိက္ခုဝတ္ထု (၂၆၂၊ ၂၆၃)
န ဝါက္ကရဏမတ္တေန၊ ဝဏ္ဏပေါက္ခရတာယ ဝါ။
သာဓရူပေါ နရော ဟောတိ၊ ဣဿုကီ မစ္ဆရီ သဌော။
၂၆၃.
ယဿ စေတံ သမုစ္ဆိန္နံ၊ မူလဃစ္စံ သမူဟတံ။
သ ဝန္တဒေါသော မေဓာဝီ၊ ‘‘သာဓုရူပေါ’’တိ ဝုစ္စတိ။

၂၆၄. ဟတ္ထကဝတ္ထု (၂၆၄၊ ၂၆၅)
န မုဏ္ဍကေန သမဏော၊ အဗ္ဗတော အလိကံ ဘဏံ။
ဣစ္ဆာလောဘသမာပန္နော၊ သမဏော ကိံ ဘဝိဿတိ။
၂၆၅.
ယော စ သမေတိ ပါပါနိ၊ အဏုံ ထူလာနိ သဗ္ဗသော။
သမိတတ္တာ ဟိ ပါပါနံ၊ ‘‘သမဏော’’တိ ပဝုစ္စတိ။

၂၆၆. အညတရဗြာဟ္မဏဝတ္ထု (၂၆၆၊ ၂၆၇)
န တေန ဘိက္ခု သော ဟောတိ၊
ယာဝတာ ဘိက္ခတေ ပရေ။
ဝိဿံ ဓမ္မံ သမာဒါယ၊ ဘိက္ခု ဟောတိ န တာဝတာ။
၂၆၇.
ယောဓ ပုညဉ္စ ပါပဉ္စ၊ ဗာဟေတွာ ဗြဟ္မစရိယဝါ ။
သင်္ခါယ လောကေ စရတိ၊ သ ဝေ ‘‘ဘိက္ခူ’’တိ ဝုစ္စတိ။

၂၆၈. တိတ္ထိယဝတ္ထု (၂၆၈၊ ၂၆၉)
န မောနေန မုနီ ဟောတိ၊ မူဠှရူပေါ အဝိဒ္ဒသု။
ယော စ တုလံဝ ပဂ္ဂယှ၊ ဝရမာဒါယ ပဏ္ဍိတော။
၂၆၉.
ပါပါနိ  ပရိဝဇ္ဇေတိ၊ သ မုနီ တေန သော မုနိ။
ယော မုနာတိ ဥဘော လောကေ၊ မုနိ တေန ပဝုစ္စတိ။

၂၇၀. ဗာဠိသိကဝတ္ထု (၂၇၀)
န တေန အရိယော ဟောတိ၊ ယေန ပါဏာနိ ဟိံသတိ။
အဟိံသာ သဗ္ဗပါဏာနံ၊ အရိယော တိ ပဝုစ္စတိ။

၂၇၁. သမ္ဗဟုလသီလာဒိသမ္ပန္နဘိက္ခု (၂၇၁၊ ၂၇၂)
န သီလဗ္ဗတမတ္တေန၊ ဗာဟုသစ္စေန ဝါ ပန။
အထ ဝါ သမာဓိလာဘေန၊ ဝိဝိတ္တသယနေန ဝါ။
၂၇၂.
ဖုသာမိ နေက္ခမ္မသုခံ၊ အပုထုဇ္ဇနသေဝိတံ။
ဘိက္ခု ဝိဿာသမာပါဒိ၊ အပ္ပတ္တော အာသဝက္ခယံ။

ဓမ္မဋ္ဌဝဂ္ဂေါ ဧကူနဝီသတိမော နိဋ္ဌိတော။

No comments:

Post a Comment