Tuesday, December 5, 2017

ကြာသုံးပွင့်မထေရ်

ပထမဦးဆုံးဆောင်းပါး
#ဓမ္မဒူတမဂ္ဂဇင်း
#ကြာသုံးပွင့်မထေရ်
#အရှင်ဉာဏဝရ (ပါရမီ)

ကြာသုံးပွင့်မထေရ်

(၁)
လွန်ခဲ့သော ကမ္ဘာတစ်သိန်းထက်က ပဒုမုတ္တရမြတ်စွာဘုရား ပွင့်တော်မူချိန် ----။
ပန်းတော်ဆက်တစ်ယောက်ဟာ ရှင်ဘုရင်ကို ဆက်သဖို့ ပန်းတွေ ယူလာပါတယ်။ လမ်းခရီးမှာ ပဒုမုတ္တရမြတ်စွာဘုရားနှင့် သံဃာတော်အပေါင်းကို ဖူးတွေ့ရပါတယ်။ ကိလေသာမြူအညစ်အတွေးတွေ ကင်းဝေးဖြူစင်လို့ ငြိမ်းအေးတဲ့ ယဉ်ကျေးတဲ့ ကျက်သရေမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံတော်မူတဲ့ မြတ်ဗုဒ္ဓကို ဖူးမြင်ရတဲ့အခါ ကြည်ညို မြတ်နိုးတဲ့စိတ်တွေ တဖွားဖွားပေါ်ပေါက်လာပါတယ်။ "ငါဟာ ဒီပန်းတွေကို မင်းကြီးကို ဆက်သရင် မြို့စား၊ ရွာစား၊ ရွှေငွေဥစ္စာ ဆုတော်လာဘ်တော်တွေ ရမှာပဲ။ ဒါတွေဟာ တစ်ကယ်တမ်းစဉ်းစားကြည့်ရင် ဘာမှ ထူးခြားတာမဟုတ်ဘူး။ မင်းကြီးကို ဆက်သမယ့်အစား မြတ်ဗုဒ္ဓကို ပန်းတွေနှင့် ပူဇော်ပြီး ငြိမ်းအေးရာ နိဗ္ဗာန်ဆိုတဲ့ မြတ်ဆုမွန်ကိုပဲ ယူတော့မယ်။" ဒီလိုတွေးမိပြီး သဒ္ဓါတရားတွေ၊ ကြည်လင်တဲ့စိတ်တွေ များစွာ ဖြစ်ပေါ်လာပါတယ်။ သူယူလာတဲ့ ပန်းတွေထဲက လှပမွန်မြတ်တဲ့ ပဒုမ္မာကြာပန်းနီသုံးပွင့်ကို မြတ်ဗုဒ္ဓဆီကို ပစ်လွှတ်မြှောက်တင်ပြီး အမြတ်တနိုး ပူဇော်လိုက်ပါတယ်။ အဲဒီကြာပန်းနီကြီး သုံးပွင့်ဟာ မြတ်ဗုဒ္ဓဘက်ကို မျက်နှာမူပြီး မြတ်ဗုဒ္ဓရဲ့ဦးခေါင်းတော်ထက်မှာ (သက်ရှိသဖွယ်)ပျံဝဲတည်နေပါတယ်။ အဲဒါကို မြင်ကြရတဲ့ လူအပေါင်း နတ်အပေါင်းဟာ အံ့သြဝမ်းသာ ချီးကျူးကြွေးကြော်ကြပါတယ်။
တိပဒုမိယမထေရ်လောင်းလျာ ပန်းတော်ဆက်ဟာ အဲ့ဒီကုသိုလ်ကောင်းမှုကို အခြေပြုပြီး ကုသိုလ်ကောင်းမှုတွေ အဆင့်ဆင့် ဆက်လုပ်ဆောင်နိုင်ခဲ့တဲ့အတွက် အဲဒီအချိန်ကစလို့ ကမ္ဘာတစ်သိန်းကာလပတ်လုံး လူချမ်းသာ၊ နတ်ချမ်းသာတို့ကိုသာ ခံစားခဲ့ရပါတယ်။ အပါယ်လေးပါးကို မကျရောက်ခဲ့ရပါဘူး။
အခု ဂေါတမမြတ်စွာဘုရားရှင် လက်ထက်တော်မှာတော့ ပဋိသမ္ဘိဒါ(၄)ပါး၊ အဘိညာဉ်(၆)ပါးတို့နှင့် ပြည့်စုံတော်မူတဲ့ ရဟန္တာအရှင်မြတ်ကြီးတစ်ဆူ ဖြစ်တော်မူပါတယ်။
အရှင်မြတ်ဟာ ရှေးဘဝတွေက ကျင့်ကြံအားထုတ် ပြုလုပ်ခဲ့ဖူးတဲ့ ပါရမီအကျင့်တွေကို ပုဗ္ဗေနိဝါသအဘိညာဉ်နှင့် ဆင်ခြင်ကြည့်ရှုပြီး အတိတ်ဖြစ်စဉ်ကို ပြန်လည်ဟောကြားတော်မူပါတယ်။

"ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ (ပဒုမုတ္တရ) မြတ်စွာဘုရားကို ပူဇော်ခဲ့ရသော အခါမှစ၍
အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။
ဤသို့ ဖြစ်ရခြင်းသည် ပဒုမ္မာကြာသုံးပွင့်ကို လှူဒါန်းရခြင်း၏ အကျိုးပေတည်း။ "
တိပဒုမိယတ္ထေရအပဒါန်
(တိပဒုမ = သုံးပွင့်သော ပဒုမ္မာကြာပန်း)

(၂)
မြတ်ဗုဒ္ဓကို ကြာပန်းသုံးပွင့်လှူတာနှင့် ကမ္ဘာတစ်သိန်းကာလပတ်လုံး အပါယ်မကျတာလဲ။ ပန်းလှူရုံနှင့် ဘာလို့ ဘဝများစွာ ကောင်းကျိုးချမ်းသာ ခံစားရတာလဲ။
မြတ်ဗုဒ္ဓကို ဖူးမြင်ရခိုက် သဒ္ဓါတရားဖြစ်ခိုက်မှာ မိမိမှာ တခြားလှူစရာမရှိတော့ ရရာပန်းကို လှူလိုက်ပါတယ်။ မြတ်ဗုဒ္ဓက အလှူရှင်စေတနာကို စောင့်ရှောက်သောအားဖြင့် ကြည်ညိုဖွယ်ဖြစ်အောင် အသုံးချပြတယ်။ အလှူရှင်မှာ ကြည်ညိုသဒ္ဓါအား ကောင်းသထက်ကောင်း၊ ပွားသသည်ထက် ပွားလာပါတယ်။ အဲဒီအလှူကို တစ်သက်လုံး မမေ့တော့ပါဘူး။ မျက်စိထဲမြင်ယောင်နေပါတယ်၊ စိတ်ကူးတိုင်း ပေါ်နေပါတယ်။ သေခါနီးမှာလည်း ဒီအာရုံနှင့် သေတော့ ကောင်းရာသုဂတိသို့ ရောက်သွားရော။ ငါဟာ ဒီလောက်ကြီးကျယ်တဲ့ စည်းစိမ် ချမ်းသာတွေ ဘယ်ကုသိုလ်ကြောင့် ရတာလဲလို့ ပြန်ကြည့်တော့ သူပြုထားတဲ့ကုသိုလ် ပန်းတစ်ပွင့်လှူရတာကို သိမြင်တယ်ဆိုပါတော့။ အနည်းငယ် ပန်းတစ်ပွင့်လေးလှူရတဲ့ ကုသိုလ်ကောင်းမှုကတောင်မှ ဒီလောက်ကြီးကျယ်တဲ့ စည်းစိမ်ချမ်းသာတွေပေးတယ်ဆိုရင် ဒီထက်ကြီးကျယ်တဲ့ ကုသိုလ်ကောင်းမှုတွေဆိုရင် အဘယ်ဆိုဖွယ်ရာ ရှိပါ့မလဲလို့ စဉ်းစားမိပြီး အဲဒီသုဂတိဘုံမှာ ကုသိုလ်တွေကို ဆက်လက်လုပ်ပါမယ်။ ပန်းတစ်ပွင့်အလှူကနေပြီး သုဂတိဘုံရောက်၊ သုဂတိဘုံမှာ သူတော်ကောင်းတွေနဲ့တွေ့၊ သူတော်ကောင်းတရား နာကြားအားထုတ်ခြင်းစတဲ့ ကုသိုလ်တွေ အဆက်ဆက်ပြုတော့ ကုသိုလ်အားကောင်းသွားပါတယ်။ ကုသိုလ်အကျိုးပေးခိုက် ဆက်ပြီးတော့ ကုသိုလ်ပြုဖို့ အရေးကြီးလှပါတယ်။
ကုသိုလ်တစ်ခုခုနှင့် သုဂတိဘုံ ရောက်သွားသူဟာ ကုသိုလ်တွေဆက်ပြုတော့၊ ကုသိုလ်တွေ ထပ်ပြုတော့ အပါယ်မကျရတော့ဘဲ ဘဝပေါင်းများစွာ လူနတ်စည်းစိမ်ခံစားပြီး ပါရမီပြည့်တဲ့အခါ နိဗ္ဗာန်ရောက်ရပါတယ်။ အခြားကုသိုလ်တွေ အများကြီးဖြစ်ပေမယ့် အရင်းပြုရာ၊ မျိုးစေ့စကျရာ၊ အဓိက အခြေတည်ရာ ကုသိုလ်ကျေးဇူးက ကြီးမားလွန်းလို့ အဲဒီကုသိုလ် တစ်ခုတည်းကိုပဲ ဖော်ပြတဲ့သဘောပါပဲ။ အဲဒီကုသိုလ်ကို အကြောင်းပြုပြီး နောက်ဖြစ်တဲ့ ဒါန၊ သီလ၊ ဘာဝနာကုသိုလ်တွေကို ဖော်မပြတော့ပါဘူး။
နောက်တစ်ခုက ကုသိုလ်ရှင်ဟာ သူ့အကြောင်းသူ ပြန်ဟောပြောတဲ့အခါ သူအနှစ်သက်ဆုံး၊ အမြတ်နိုးဆုံး၊ အမှတ်တရအဖြစ်ဆုံး ကုသိုလ်တစ်ခုကိုပဲ ပြောပြတာလည်း ဖြစ်နိုင်ပါတယ်။ ဥပမာ - တိပဒုမိယမထေရ်ဆိုရင် ကျန်တဲ့ကုသိုလ်တွေ ရှိပေမယ့် မြတ်ဗုဒ္ဓကို ကြာသုံးပွင့်လှူတဲ့အကြောင်းပဲ ပြန်ပြောပြခဲ့ပါတယ်။
ဒါကြောင့် တို့တတွေမှာလည်း အနှစ်သက်၊ အမြတ်နိုးဆုံး၊ အမှတ်တရအဖြစ်ဆုံး ကုသိုလ်တစ်ခုခု ရှိထားသင့်ပါတယ်။ အဲဒီကုသိုလ်ကိုလည်း ထပ်ကာထပ်ကာ သတိရပြီး ကုသိုလ်တွေ ဆက်ကာဆက်ကာ ပြုလုပ်နိုင်ဖို့ အရေးကြီးလှပါတယ်။

(၃)
ပထမရွှေကျင်ဆရာတော်ကြီးပူဇော်ထားတဲ့ ဝိစိတြဝန္ဒနာဘုရားရှိခိုး ဂါထာအမှတ်(၄၅)မှာပါတာကတော့ -

ဧကေနာပိ ဝါ ပုပ္ဖေန၊ အမဟဂ္ဃေန ကေန ဝါ၊
ဧကဝါရမ္ပိ ပူဇေန္တော၊ သုခိတောဝ ဘဝါဘဝေ၊
ဧဒိံဇာနံ ဘိသမ္ဗုဒ္ဓံ၊ ကော သက္ကာ န ပူဇေတဝေ။

ရွှေဘုန်းတော်ရှင် - အရှင်မြတ်ဘုရားကို၊
အဖိုးများစွာ မထိုက်တန်သော ပန်းတစ်ပွင့်ဖြင့်လည်းကောင်း၊ ရေတစ်လုံးဖြင့်လည်းကောင်း၊
တစ်ကြိမ်မျှသော်လည်း ပူဇော်မိသူသည်၊
ဘဝများစွာ၌ အလွန်တရာ ချမ်းသာခြင်းသို့ ရောက်သည်သာလျှင်တည်း။
ဤသို့သောသဘာကို၊ ကျိုးကြောင်းထင်ထင် ဟုတ်တိုင်းသိမြင်သည်ရှိသော်
သမ္ဗုဒ္ဓသခင် ကိုယ်တော်အရှင်မြတ်ဘုရားကို
အဘယ်သူသည် မပူဇော်ဘဲနေခြင်းငှာ တတ်ကောင်းပါတော့အံ့နည်း။ တဲ့။

ဓမ္မဒူတဆရာတော်ကြီးအရှင်ပညာဇောတ ရဲ့ အောက်ပါလင်္ကာလေးကလည်း မှတ်သားဖွယ်ကောင်းလှပါတယ် -

ကုသိုလ်တစ်ပါး အကျိုးများ ယုံမှားမရှိရာ။
မျိုးစေ့တစ်မှ ပင်များစွ ပေါက်ရပုံပမာ။
မျိုးမှန်ကန်က ပင်သန်ရ ရကြသီးများစွာ။
မျိုးစေ့မမှန် ပင်မသန် သီးနှံမအောင်ရာ။

(၄)
တချို့က ကုသိုလ်အကျိုးပေးကောင်းခိုက် ဇိမ်ခံနေပြီး ကုသိုလ်ဆက်မပြုပါဘူး၊ မပြုတော့ အဲဒီကုသိုလ် အားနည်းလာခိုက်မှာ အကုသိုလ်အကျိုးပေးခွင့် ရသွားနိုင်ပါတယ်။ အကုသိုလ်အကျိုးပေးခွင့် ရသွားရင်လည်း ကုသိုလ်ဘက် ပြန်လည်ဖို့ မလွယ်တော့ပါဘူး။ အကုသိုလ်ကံကြောင့် တိရိစ္ဆာန်ဖြစ်သွားတဲ့အခါ နိုင်ရာစားဘဝမှာ ကုသိုလ်တွေ ဘယ်လိုလုပ်နိုင်ပါ့မလဲ။ ငရဲကျသွားသူဟာလည်း အဲဒီအကုသိုလ်ကံ ကုန်လို့ ငရဲကလွတ်ပြီး လူဖြစ်တဲ့အခါမှာလည်း ကုသိုလ်လုပ်ဖို့ မလွယ်ကူတဲ့ ဘဝအခြေအနမျိုး ဖြစ်နေတတ်ပြန်ပါတယ်။
မရှိလို့ မလှူ၊ မလှူလို့မရှိ။ အူမ မတောင့်တော့ သီလမစောင့်နိုင်၊ သီလမစောင့်တော့ အူမ မတောင့်နိုင်၊ ဘာဝနာလည်း မပွားနိုင်။ ဒါန၊ သီလ လည်း မရှိတော့ အပါယ်ထပ်ကျပြန်ရော။ အပါယ်က လွတ်လို့ လူပြန်ဖြစ်တော့လည်း ကုသိုလ်လုပ်ဖို့ ခက်နေပြန်ရော။ ဒီလိုနှင့် အကုသိုလ်တွေပဲ ဆက်လုပ်မိပြီး အကုသိုလ်စက်ဝန်းကြီး လည်ပတ်နေပါတော့တယ်။

မကောင်းမှုအကုသိုလ်ကို (တစ်ကြိမ်တစ်ခါ မလိမ္မာလို့) ပြုလုပ်မိသူဟာ
ထပ်ခါထပ်ခါ ဆက်မလုပ်သင့်ပါဘူး။
မကောင်းမှုအကုသိုလ် ပြုလုပ်ချင်တဲ့ ဆန္ဒဆိုးကိုလည်း မဖြစ်စေသင့်ပါဘူး။
မကောင်းမှုတွေ တိုးပွားလာတာဟာ ဆင်းရဲခြင်းရဲ့ အကြောင်းရင်းဖြစ်လို့ပါပဲ။
(ဓမ္မပဒ - ၁၁၇)

အကုသိုလ်စက်ဝန်းကြီးကို ရပ်တန့်ချင်ရင်တော့ မရှိလည်း လှူပါ။ တတ်စွမ်းသမျှပေါ့။ လူ့ဘဝမှာ လှူချင်စိတ်ရှိရင်၊ လှူတတ်ရင် ပိုက်ဆံမရှိလည်း လှူလို့ရပါတယ်။ အဓိကကတော့ သဒ္ဓါ၊ သတိနှင့် မေတ္တာရှိနေရင် လှူတတ်လာပါတယ်။ လှူရင်းနှင့် ရှိလာပါလိမ့်မယ်။ လှူလို့ရှိ၊ ရှိလို့လှူ ဒီလို ကုသိုလ်စက်ဝန်းကြီး လည်ပတ်အောင်လုပ်ရပါမယ်။ သီလအနေနှင့်လည်း အူမ မတောင့်လည်း သီလအရင်စောင့်လိုက်ပါ။ သီလစောင့်ရင်းနှင့်ပဲ အချိန်ကြာလာတဲ့အခါ၊ စမ်းသပ်မှုတွေကို ကျော်ဖြတ်ပြီးတဲ့အခါ အူမ တောင့်လာပါလိမ့်မယ်။ ဟုတ်ပါတယ်။ လူတွေက ကိုယ်ကျင့်သီလ ကောင်းမွန်သူတွေကို လိုက်ရှာနေကြတာပါ။ စိတ်ချလက်ချ ပေါင်းသင်းနိုင်တဲ့သူကို ရှာနေကြတာပါ။ သီလပျက်တဲ့သူတွေ များတဲ့အချိန်မှာ သီလစောင့်သူတွေဟာ ရှားပါးအဖိုးတန်လှပါတယ်။ ကိုယ်ကျင့်သီလ ကောင်းတယ်လို့ ယုံကြည်ရမှု တစ်ခုတည်းနှင့်ပဲ ထမင်းမငတ်တော့တဲ့အခြေအနေမျိုး အနည်းဆုံးတော့ ဖြစ်လာပါလိမ့်မယ်။
သီလစောင့်လို့ အူမတောင့်၊ အူမတောင့်လို့ သီလစောင့်၊ ရှိလို့လှူ၊ လှူလို့ ရှိ ဆိုတဲ့ ကုသိုလ်စက်ဝန်းကြီး လည်ပတ်နိုင်ပါတော့တယ်။ အစပိုင်း အရှိန်မရသေးခင်တော့ ခက်ခဲပင်ပန်းနေမှာပါပဲ။ နောက်ပိုင်း ကုသိုလ်စက်ဝန်းကို အရှိန်အဟုန်နှင့် လည်ပတ်နိုင်သွားတဲ့အခါ လွယ်ကူသက်သာသွားမှာပါ။

ကောင်းမှုကုသိုလ်ကို ပြုလုပ်အားထုတ်သူဟာ
ထပ်ခါထပ်ခါ ဆက်လုပ်သင့်ပါတယ်။
(စိတ်အစဉ်ကို ကြည်လင်စေတတ်) ကုသိုလ်မြတ် ပြုလုပ်ချင်တဲ့ ဆန္ဒမွန်ကိုလည်း ဖြစ်စေသင့်ပါတယ်။
ကောင်းမှုတွေ တိုးပွားလာတာဟာ ချမ်းသာခြင်းရဲ့ အကြောင်းရင်းဖြစ်လို့ပါပဲ။
(ဓမ္မပဒ - ၁၁၈)

(၅)
ဒါနဘာခက်သလဲကွယ့် ---
အလှူဒါနပြုလိုသူများအတွက် လှူစရာတွေက ပေါလှဘိသည်။
၁၂၆၇-ခုနှစ်၊ ပြာသိုလတွင် ရဟန္တာဟုကျော်ကြားသော ဘုန်းတော်ကြီး ဦးသီလသည် ရွှေကျင်မြို့၌ သိမ်သမုတ် ကြွတော်မူ၏။ ထိုစဉ် တောင်ပေါ်မှ ကရင်ကြီး ငါးယောက် ကန်တော့ပွဲ ကိုယ်စီနှင့် လာရောက်ဖူးမြော်ကြသည်။

ဘုန်းတော်ကြီး။ ။ မင်းတို့တောင်ပေါ်မှာ ချမ်းသာတဲ့လူ ပေါကြရဲ့လား။
ဒကာများ။ ။ မပေါပါ အရှင်ဘုရား။ ဆင်းရဲတဲ့လူတွေပဲ များပါတယ်။
ဘုန်းတော်ကြီး။ ။ ရေမိုးကော ပြည့်စုံကြရဲ့လားကွဲ့။
ဒကာများ။ ။ ပြည့်စုံပါတယ်ဘုရား၊ ရေလည်း အင်မတန်ကောင်းပါတယ်။
ဘုန်းတော်ကြီး။ ။ အိမ်း..ဒါဖြင့် နေရာကျသားပဲ၊ မင်းတို့ဆင်းရဲတဲ့ ကရင်ဒကာတွေ ပိုက်ဆံမကုန်ဘဲနဲ့ ကုသိုလ်ရအောင် ဘုရားကို နေ့တိုင်းရေတစ်ခွက် တစ်ခွက်လှူကြ ကြားလား။
ဒကများ။ ။ မှန်ပါ့ အရှင်ဘုရား။
ဘုန်းတော်ကြီး။ ။ ဒါန ဘာခက်သလဲကွယ့်။ ပန်းမပွင့်တဲ့အခါမျိုး သစ်ခက်သစ်ညွန့်ကလေးတွေ ချိုးပြီးလှူ၊ ဖယောင်းတိုင် မ၀ယ်နိုင်တဲ့အခါ ကောက်ရိုးတွေစည်းပြီး ဘုရားကို မီးပူဇော်ကြ။ ကဲ...ကဲ ငါးပါးသီလ ယူပြီး ပြန်ကြ။
မကြားစဖူး တရားထူးကို ကြားနာရသဖြင့် ဒကာများ ၀မ်းသာမဆုံး ရှိကြလေ၏။ တန်ခိုးအဘိညာဉ်ဖြင့် လက်တွေ့ သိမြင်တော်မူကြသော သူတော်ကောင်းကြီးများက လူတိုင်း ချမ်းသာစေလိုသော စေတနာဖြင့် မလုပ်တတ်စရာလည်း မရှိရအောင် ညွှန်ပြတော်မူခြင်း ဖြစ်သည်။
မြတ်စွာဘုရားရှင်၏ သာသနာတော်သည် အလွန်ပွင့်လင်း၏။ လိုက်နာကျင့်သုံးရမည့် လမ်းစဉ်ကလည်း လွယ်ကူလွန်းလှသည်။ တစ်နည်းအားဖြင့် ရိုးရိုးရှင်းရှင်းကလေးပင်တည်း။ အရိုးခံကြီးပင်တည်း။ တကယ်ယုံကြည်၍ အဟုတ်လုပ်နိုင်မှုသာ အရေးကြီး၏။
ခြံစည်းရိုးတွင် အလေ့ကျ ပေါက်နေသော ပန်းတစ်ပွင့်ဖြင့်လည်း နိဗ္ဗာန်ရောက်စေနိုင်၍ နတ်ပြည်လောက်ကိုမူ အသာကလေးပင်တည်း။ (လိပ်ဆူးရွှေပန်းနတ်သမီး စသည်ကို ထောက်ပါ။)
(ဓမ္မစရိယဦးဌေးလှိုင်၏ ရတနာသုံးပါးကျေးဇူး စာအုပ်မှ)

(၆)
မယဉ်ကျေးသော သူတို့ကို ယဉ်ကျေးအောင် ဆုံးမတော်မူတတ်သော၊
ကြီးသော လုံ့လရှိသော၊
သတ္တဝါအားလုံးတို့၏ ချမ်းသာကို ဆောင်တော်မူတတ်သော မြတ်စွာဘုရားကို ပူဇော်ရသည်ရှိသော်
အမြိုက်နိဗ္ဗာန်တည်းဟူသော ဥစ္စာကို ရလတ္တံ့ (ဟု ဤသို့ ကြံ၏)။
ဤသို့ ကြံပြီး၍ ငါသည် မိမိစိတ်ကို ကြည်လင်စေ၏၊
ထိုအခါ သုံးပွင့်သော ကြာနီပန်းတို့ကို ယူ၍ ကောင်းကင်၌ ပစ်လွှင့်မြှောက်တင်၏။ --- တဲ့။
တိပဒုမိယမထေရ်လောင်းလျာ ပန်းတော်ဆက်ဟာ ပဒုမုတ္တရမြတ်စွာဘုရားကို ကြာပန်းလှူတဲ့အခါ တခြားဆုတွေ မတောင်းပါဘူး။ ငြိမ်းအေးရာ အမြိုက်နိဗ္ဗာန်ကိုပဲ ရည်မှန်းပြီး လှူဒါန်းတာပါ။ ငြိမ်းအေးသူကို ကြည်ညိုလေးစားအားကျလို့ ငြိမ်းအေးရာကိုသာ ရည်မှန်းတာပါ။ ဒါပေမယ့် နတ်ချမ်းသာ၊ လူချမ်းသာ၊ သိကြားမင်းစည်းစိမ်၊ စကြဝတေးမင်းစည်းစိမ် တို့ကို မရည်မှန်းလည်း ခံစားရတာပါပဲ။ ကုသိုလ်ကောင်းမှု ပြုလုပ်တဲ့အခါ အမြင့်မြတ်ဆုံးဖြစ်တဲ့ နိဗ္ဗာန်ကိုသာ ရည်မှန်းနိုင်ရင် ကျန်တဲ့ လောကီစည်းစိမ်ချမ်းသာတွေဟာ ဆုမတောင်းလည်း ဘေးထွက်ကောင်းကျိုးအနေနှင့် ပြည့်စုံမှာပါပဲ။ ဥပမာ - ရှင်ဘုရင်ဆုကိုတောင်းသူဟာ ရွာစားမြို့စားဆုကို တောင်းစရာမလိုတဲ့သဘောပါပဲ။
ပန်းတော်ဆက်ဟာ ပန်းသုံးပွင့်လှူတယ်ဆိုပေမယ့် တကယ်တမ်းကတော့ ရှင်ဘုရင်ဆီ ပန်းဆက်သရင် ရရှိမယ့် ရာထူးနှင့် ရွှေငွေဆုလာဘ်ကို စွန့်လွှတ်ပြီး လှူတဲ့သဘောဖြစ်ပါတယ်။ ရာထူးစည်းစိမ်ကို စွန့်လွှတ်ပြီး လှူရဲတဲ့၊ မြတ်ဗုဒ္ဓအပေါ်မှာ ထားရှိတဲ့ သူရဲ့ သဒ္ဓါတရားဟာ အံ့သြချီးကျူးစရာပါ။
ဒီနေရာမှာ ကဗျာဆရာကြီး တဂိုးရေးဖွဲ့တဲ့ "ကြာပန်းအလှူ" ကို အကျဉ်းချုပ်ပြန်ပြောပါရစေ -
နှင်းရိုက်တဲ့အတွက် ကြာပန်းတွေ ကြွေပျက်သွားကြပါတယ်။ ဥယျာဉ်မှူးသုဒဟာ သူ့ရေကန်မှာကျန်ရှိနေတဲ့ တစ်ပွင့်တည်းသော ကြာဖြူပန်းကို ဈေးကောင်းကောင်းနှင့်ရောင်းဖို့ နန်းတော်ဆီလာခဲ့ပါတယ်။ လမ်းမှာ ကုန်သည် တစ်ယောက်နှင့် တွေ့ပါတယ်။ "သိပ်လှတဲ့ ကြာပန်းကြီးပဲ။ မြတ်ဗုဒ္ဓကို ကပ်လှူပူဇော်မယ်။ အဲ့ကြာပန်းရဲ့ တန်ဖိုးပြောပါ"
သုဒက ရွှေဒင်္ဂါးတစ်ပြားတောင်းပါတယ်။
အဲဒီအချိန်မှာ ဘုရင်မင်းမြတ်ဟာ မြတ်ဗုဒ္ဓကို ဖူးမြော်ဖို့ နန်းတော်က ထွက်ခွာလာပါတယ်။ ဘုရင်က ကြာပန်းကို မြင်သွားတဲ့အခါ "မြတ်ဗုဒ္ဓကို ကြာပန်းလှူမယ် ။ ငါဝယ်မယ်။ အဲ့ကြာပန်း ဘယ်လောက်တန်သလဲ။"
သုဒက ပြန်ဖြေပါတယ်။ "ကုန်သည်ဆီ ရွှေဒင်္ဂါးတစ်ပြားနှင့် ရောင်းပြီးပါပြီ အရှင်မင်းကြီး"
"ငါက ရွှေဒင်္ဂါးဆယ်ပြားပေးမယ်။" ဘုရင်က မိန့်ပါတယ်။
"ကျွန်တော်မျိုး ရွှေဒင်္ဂါး အပြားနှစ်ဆယ်ပေးပြီး ဝယ်ပါရစေ" ကုန်သည်က ဆိုပါတယ်။
ဒီလိုနှင့် ကြာပန်းတန်ဖိုး အဆမတန်မြင့်တက်သွားပါတယ်။ ဒီအခါ ဥယျာဉ်မှူး သုဒက တွေးပါတယ်။ "သူတို့ဟာ မြတ်ဗုဒ္ဓကို ကပ်လှူဖို့ရာ ကြာပန်းတန်ဖိုးကို များများပေးဝယ်ကြတယ်။ တကယ်လို့ မြတ်ဗုဒ္ဓဆီကို ငါကိုယ်တိုင်သွားရင် သူ့တို့ပေးတဲ့ တန်ဖိုးထက် ပိုရနိုင်မှာပဲ။"
"ကျွန်တော်မျိုးကို ခွင့်လွှတ်တော်မူပါ။ ဒီကြာပန်းကို မရောင်းတော့ပါဘူး။" လက်အုပ်ချီတောင်းပန်ရင်း သုဒက ပြောလိုက်ပါတယ်။ ပြီးတော့ မြတ်ဗုဒ္ဓရှိရာဆီ အသားကုန် ပြေးလာခဲ့ပါတော့တယ်။

ကျက်သရေမင်္ဂလာရှိလှတဲ့ မြတ်ဗုဒ္ဓဟာ တည်ကြည်ငြိမ်သက် ငြိမ်းအေးစွာ ထိုင်နေတော်မူပါတယ်။
သုဒဟာ မြတ်ဗုဒ္ဓကို ဖူးမြင်ရတဲ့အခါ အံ့သြလွန်းလို့ ကျောက်ရုပ်လို ရပ်နေမိပါတယ်။ တော်တော်ကြာတဲ့အထိ စကားလည်း မပြောနိုင်၊ လှုပ်လည်း မလှုပ်နိုင်ဖြစ်နေပါတယ်။ ( ဒီလောက် ငြိမ်းချမ်းတဲ့၊ ဒီလို ကျက်သရေရှိတဲ့၊ မေတ္တာကရုဏာပြည့်ဝတဲ့သူကို မမြင်ဖူးသေးဘူးလေ။ )
အဲ့ဒီနောက်မှာတော့ သုဒဟာ မြတ်ဗုဒ္ဓရဲ့ ခြေတော်ရင်းမှာ ဝမ်းလျားမှောက်ရင်း ကြားပန်းကို အမြတ်တနိုး ဆက်ကပ်လှူဒါန်းလိုက်ပါတယ်။
"ချစ်သား၊ လိုတဲ့ဆုတောင်းပါ" မြတ်ဗုဒ္ဓက ပြုံးရင်း မိန့်တော်မူပါတယ်။

အဲဒီအခါ သုဒက အားရဝမ်းသာ လျှောက်ထားတောင်းဆိုလိုက်ပါတယ်။ "တခြား ဘာကိုမျှ မလိုချင်ပါဘုရား။ အရှင်ဘုရားရဲ့ ခြေဖဝါးတော်အောက်က မြူမှုန်တစ်ပွင့်ကိုပဲ ပေးသနားတော်မူပါ ဘုရား"

"lotus offering" by Rabindranath Tagore

(၇)
တိပဒုမိယမထေရ်လောင်းလျာ ပန်းတော်ဆက်ဟာ ပဒုမုတ္တရမြတ်စွာဘုရားကို ကြာပန်းသုံးပွင့် လှူခွင့်ရတာဟာ ရှေးကောင်းမှုရှိလည်းရှိလို့ပါ။ "ပဒုမုတ္တရမြတ်စွာဘုရားသည် ငါ၏ ရှေးကောင်းမှုကို ဟောကြားစဉ် တစ်သိန်းသော သတ္တဝါတို့၏ သစ္စာလေးပါးတရားကို သိခြင်းသည် ဖြစ်၏ "--- တဲ့ ။ ပန်းတော်ဆက်ရဲ့ ကြားပန်းသုံးပွင့် လှူခွင့်ရတဲ့ ရှေးကောင်းမှုနှင့် ပတ်သက်ပြီး ပဒုမုတ္တရမြတ်စွာဘုရားက တရားဟောတော်မူတဲ့အခါ တရားနာပရိသတ် တစ်သိန်းလောက် သစ္စာလေးပါးကို သိမြင်ကြပါတယ်တဲ့။
တကယ်တော့ တို့တတွေလည်း မြတ်ဗုဒ္ဓကို ပန်းလေးလှူခွင့်ရတာကိုက ကိုယ့်ရဲ့ ကုသိုလ်ကံက ကြီးမားလွန်းလို့ပါ။ ပန်းလှူခွင့်ရတာကို သာမန်လို့ မထင်လိုက်ပါနဲ့။ ဒီလိုပန်းလှူခွင့်ရတယ်ဆိုတာကိုက ရှေးအတိတ်က ကုသိုလ်ကံ၊ ပါရမီတွေ ရှိနေခဲ့လို့ပါပဲ။ ဗုဒ္ဓဆိုတဲ့အသံကို ကမ္ဘာပေါင်းများစွာကြာမှ ကြားရတတ်တာပါ။ ဒါကို သိနားလည်ပြီး ဝမ်းသာပီတိနှင့် ကုသိုလ်ကောင်းမှုတွေ ဆက်လုပ်ဆောင်ကြပါစို့ -

သဒ္ဓါ ဗီဇံ - သဒ္ဓါတရားသည် မျိုးစေ့မည်၏။ (သုတ္တ၊ ကသိဘာရဒွါဇသုတ်)

သဒ္ဓါ ဗန္ဓတိ ပါထေယျံ - လမ်းစာရိက္ခာကို သဒ္ဓါတရားဖြင့် ထုပ်ဖွဲ့၏။ (ဒေဝတာသံယုတ်၊ ပါထေယျသုတ်)

သဒ္ဓီဓ ဝိတ္တံ ပုရိသဿ သေဋ္ဌံ။ သဒ္ဓါယ တရတိ သြဃံ။
ယောက်ျား၏မြတ်သောဥစ္စာဟူသည် သဒ္ဓါတရားပင်တည်း။ သဒ္ဓါတရားဖြင့် သြဃလေးဖြာ သံသရာကို ကူးမြောက်နိုင်၏။
(သုတ္တ၊ အာဠာဝကသုတ်)

အရှင်ဉာဏဝရ(ပါရမီ)
အောင်သိဒ္ဓိမင်းကျောင်း၊ ကျွဲပွဲမြို့၊ တောင်ငူ

စာကိုး
၁။ ထေရာပဒါန်ပါဠိတော်မြန်မာပြန် (ဆဋ္ဌမူ)
၂။ သုတ္တနိပါတ်ပါဠိတော်မြန်မာပြန် (ဆဋ္ဌမူ)
၃။ သဂါထာဝဂ္ဂ သံယုတ်ပါဠိတော်မြန်မာပြန် (ဆဋ္ဌမူ)
၎။ ထေရအပဒါန်ဝတ္ထုတော်ကြီး - အရှင်ဓမ္မဿာမီဘိဝံသ
၅။ ဝိစိကြဝန္ဒနာဘုရားရှိခိုး - ပထမရွှေကျင်ဆရာတော်ကြီး
၆။ ဗုဒ္ဓဓမ္မပြဿနာများ(၄) - ဓမ္မဒူတဆရာတော်ကြီး အရှင်ပညာဇောတ
၇။ ရတနာသုံးပါးကျေးဇူး - ဓမ္မာစရိယဦးဌေးလှိုင်
၈။ "Lotus offering" by Tagore (မောင်ပေါ်ထွန်း ဘာသာပြန်)
၉။ ဓမ္မပဒအဖော်မွန် - အရှင်ဉာဏဝရ(ပါရမီ)

ဓမ္မဒူတ ဘာသာရေးမဂ္ဂဇင်း
အမှတ်(၇၅) ဇူလိုင်လ၊ ၂၀၁၇ တွင်ဖော်ပြပြီးဖြစ်ပါသည်။

တံတားချစ်သူတို့နှလုံးသား

ဒုတိယမြောက်ဆောင်းပါး
#ဓမ္မရိပ်မဂ္ဂဇင်း
#အရှင်ဉာဏဝရ(ပါရမီ)
#တံတားချစ်သူတို့နှလုံးသား
#သရုပ်ဖော်ပုံကောင်းလေးနှင့်တွဲပေးသောအယ်ဒီတာအဖွဲ့ကိုကျေးဇူးတင်မိ

တံတားချစ်သူတို့ နှလုံးသား

( ၁ )

ဘုရားအလောင်းမျောက်မင်းဟာ ဟိမန္တာတောကြီးမှာ နေစဉ်အခါက ---။ မျောက်များစွာကို ဦးဆောင်ပြီး ဂင်္ဂါမြစ်ကမ်းအနီးမှာရှိတဲ့ သရက်ပင်က အနံ့အရသာနှင့် ပြည့်စုံလှတဲ့ သရက်သီးတွေကို စားသောက်တတ်ပါတယ်။ တစ်နေ့မှာတော့ ဗာရာဏသီပြည်ကို အုပ်ချုပ်တဲ့ ဗြဟ္မဒတ်မင်းကြီးဟာ စစ်သည်တွေနှင့်အတူ ဂင်္ဂါမြစ်ကို ဆန်တက်ပြီး သရက်သီးတွေကို လာရောက်သုံးဆောင်ပါတယ်။ ညသန်းခေါင်ယံမှာတော့ မျောက်တွေဟာ သရက်ပင်ပေါ်ကို တိတ်တိတ်လေးတက်ပြီး သရက်သီးတွေကို စားကြပါတယ်။ ဒါပေမယ့် စစ်သည်တွေ သိသွားပြီး မျောက်တွေကို ဝိုင်းထားလိုက်ကြပါတယ်။ လက်နက်တွေနှင့်ဝိုင်းရံနေကြတဲ့ စစ်သည်တွေကို မျောက်တွေမြင်ရတဲ့အခါ ကြောက်လန့်တကြား ဖြစ်ကုန်ပါတယ်။ မျောက်မင်းကတော့ တည်တည်ငြိမ်ငြိမ်နှင့် သူလုပ်ရမယ့် အလုပ်ကို စိတ်အေးအေးထားပြီး စီစဉ်နေပါတယ်။
မျောက်မင်းဟာ အံ့သြစရာကောင်းလောက်အောင် ခွန်အားကြီးမားတာကြောင့် သူတစ်ကောင်ထဲအတွက်ဆို ဟိုဘက်ကမ်းနှင့် ဒီဘက်ကမ်း ခုန်းကူးပြီး အလွယ်တကူ လွတ်မြောက်နိုင်ပါတယ်။ ဒါပေမယ့် ဘုရားလောင်း မျောက်မင်းဟာ အာဇာနည်ခေါင်းဆောင်ကောင်းပီပီ အမျိုးအတွက်၊ အများအတွက် အသက်စွန့်ပြီး ကယ်တင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သရက်ပင်ရဲ့ အမြင့်ဆုံးအကိုင်း ကနေ ဂင်္ဂါမြစ်တစ်ဖက်ကမ်းဆီ တအားကုန် ခုန်လွှားလိုက်တာ ဟိုဘက်ကမ်းက ချုံပုတ်တစ်ခုပေါ်ကို ကျသွားပါတယ်။ အဲဒီက ကြိမ်နွယ်တစ်ချောင်းကို ဖြတ်ယူလိုက်ပြီး ကြိမ်နွယ်ရဲ့ အစွန်းတစ်ဖက်ကို သစ်ပင်တစ်ပင်မှာချည်လိုက်ပါတယ်။ အခြားအစွန်းတစ်ဖက်ကိုတော့ ခါးမှာပတ်ကာ သရက်ပင်ကြီးဆီ ပြန်လည် ခုန်လွှားလိုက်ပါတယ်။ ကြိမ်နွယ်ဟာ နည်းနည်းတိုသွားတဲ့အတွက် မျောက်မင်းဟာ သရက်ပင်ဆီ လွတ်လွတ်ကျွတ်ကျွတ် မရောက်ပဲ သရက်ကိုင်းစွန်းကို စွဲကိုင်နိုင်ရုံ တန်းလန်းကြီး ဖြစ်နေပါတယ်။ ကြိမ်နွယ်ကို ခါးမှာပတ်ထားတဲ့ မျောက်မင်းဟာ သရက်ကိုင်းစွန်းကို မြဲမြဲစွဲကိုင်ရင်း တံတားသဖွယ် ဖြစ်နေပါတယ်။
"ငါ့ကိုယ်ပေါ် နင်းဖြတ်သွားကြ။ ကြိမ်နွယ်ပေါ်လျှောက်ပြီး ဟိုဘက်ကမ်းကို ရောက်အောင် သွားကြ" လို့ မျောက်မင်းက မျောက်အပေါင်းကို ပြောဆိုလိုက်ပါတယ်။ မျောက်တွေဟာ မျောက်မင်းကို အရိုအသေပြုပြီးတဲ့အခါ မျောက်မင်းရဲ့ ကိုယ်ပေါ်ကိုနင်းပြီး ကြိမ်နွယ်မှတစ်ဆင့် ဟိုဖက်ကမ်းကို ကူးသွားကြပါတယ်။ မျောက်ပေါင်းများစွာ နင်းလျောက်သွားတဲ့ ဒဏ်ကြောင့် မျောက်မင်းဟာ အလူးအလဲ အသည်းအသန် ခံစားနေရပေမယ့် သရက်ကိုင်းကို  လုံးဝမလွှတ်ပါဘူး။ လက်အံသေတဲ့အထိ စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားဆဲပါပဲ။
နောက်ဆုံးမှာတော့ အငြိုးအတေးထားတဲ့ အရှင်ဒေဝဒတ်လောင်း  မျောက်က မျောက်မင်းရဲ့ ကိုယ်ပေါ်ကို အမြင့်ဆုံး သရက်ကိုင်းပေါ်ကနေ အရှိန်ပြင်းပြင်း ခုန်ဆင်းချပြီး ကြိမ်နွယ်ပေါ်ကိုလည်း ပြင်းပြင်းနင်းသွားပါတယ်။ သည်းအူပြတ်လောက်အောင် နှလုံးသားကွဲမတတ် ပြင်းထန်စွာ ခံစားနေရမယ့် မျောက်မင်းဟာ သရက်ကိုင်းကို မလွတ်ပါဘူး။ ခါးမှာချည်ထားတဲ့ နွယ်ကြိုးကိုလည်း မဖြုတ်မချပါဘူး။ ဒေဝဒတ်လောင်းမျောက် မြစ်ထဲကျပြီး သေသွားမှာစိုးလို့ပါ။
အလွန်မွှေးပျံ့သန့်စင်တဲ့ ပန်းပွင့်ဟာ သူ့ကို ပွတ်ချေဖျက်ဆီးနေသူကိုတောင်မှပဲ အမွှေးရနံ့တွေ ပေးခဲ့ပါတယ်။ သစ်ပင်ကြီးဟာ သူ့ကို ခုတ်ဖြတ်နေသူကိုတောင်မှပဲ မလဲမချင်း သူတတ်နိုင်သမျှ အေးရိပ်ကိုတော့ ပေးနေတာပါပဲ။ နံ့သာတုံးဟာ သူ့ကို မီးရှို့ဖျက်ဆီးသူကိုတော်မှပဲ ပြာမဖြစ်မချင်း မွေးရနံ့ကို ပေးနေတာပါပဲ။ ဘုရားလောင်း သူတော်ကောင်းတွေဟာလည်း ကိုယ့်ကို ညှဉ်းဆဲသတ်ဖျက်နေသူကိုတောင်မှပဲ သေသည်အထိ မေတ္တာမပျက်ဘဲ ကောင်းကျိုးကို ဆောင်ရွက်ခဲ့ပါတယ်။
ဒီလိုနှင့် တစ်ကောင်တည်း တန်းလန်းကျန်ရစ်ခဲ့တဲ့ မျောက်သားတံတားဖြစ်နေတဲ့ မျောက်မင်းကြီးကို ဗာရာဏသီမင်းကြီးက အလွန်အင်မတန် လေးစားကြည်ညိုသွားပါတယ်။ ဒါ့ကြောင့် ငြမ်းဆင်ပြီး မျောက်မင်းကို အသာအယာ ပွေ့ယူလာဖို့ မင်းကြီးက စစ်သည်တွေကို ခိုင်းစေလိုက် ပါတယ်။ သေလုမြောပါးဖြစ်နေတဲ့ မျောက်မင်းကို အောက်ချပေးပြီး နုညံ့တဲ့ အိပ်ရာထက်မှာ တင်ထားပြီး ရှင်လိုရှင်ငြား ဆေးကုပေးပါတယ်။ ဒါပေမယ့် မျောက်မင်းဟာ အများအတွက် အသက်စွန့်လှူရင်း သေဆုံးခဲ့ရပါတယ်။  (မဟာကပိဇာတက (ဇာ၊ဋ္ဌ၊၃၊၃၄၉))

( ၂ )

တကယ်တော့ ဘုရားအလောင်းတော် ပါရမီဖြည့်တယ်ဆိုတာ တံတားသဖွယ်ပါပဲ။ တံတားဟာ ကိုယ့်ပေါ်ကို ကျော်ဖြတ်သူအားလုံးကို လိုရာခရီး အလွယ်တကူ ရောက်စေပါတယ်။ တံတားဟာ ခရီးလမ်းကို အဆင်ပြေ ချောမွေ့အောင် လုပ်ပေးပါတယ်။  တံတားဟာ မိမိအပေါ်ကို တံတွေးထွေးသူ၊ အမှိုက်ပစ်သူကိုလည်း စိတ်မဆိုးပါဘူး။ တံတားဟာ ဝေးကွာနေတဲ့ချစ်သူတွေကို ပေါင်းကူးဆက်သွယ်ပေးပါတယ်။ လူမှုဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ စားဝတ်နေရေး စတာတွေ အားလုံးအတွက် တံတားဟာ သူတတ်နိုင်တဲ့ဘက်က ကူညီပေးပါတယ်။ တံတားဟာ ပရဟိတရဲ့ သင်္ကေတ တစ်ခုပါပဲ။
" ဒီပင်ထံပါး တံတားအနေ၊ ရွှေဗျာဒိတ်ပန်း ဆင်မြန်းဆွတ်ချွေ --- "
လွန်ခဲ့တဲ့ ကမ္ဘာပေါင်း လေးအသေင်္ချနှင့်တစ်သိန်း ထက်က ဂေါတမဘုရားလောင်းလျာ သုမေဓာရသေ့ဟာ ဒီပင်္ကရာမြတ်စွာဘုရားရဲ့ ခြေတော်ရင်းမှာ ဘုရားဆု ပန်ဆင်ခဲ့တုန်းကလည်း ကိုယ်ခန္ဓာကို အလျားစင်းပြီး တံတားခင်း လှူခဲ့ပါတယ်။
ဒီပင်္ကရာမြတ်စွာဘုရားနှင့် ရဟန္တာလေးသိန်း ရမ္မာမြို့တွင်း ဆွမ်းခံကြွလာမယ့်လမ်းကို မြို့သူမြို့သားတွေ ပျော်ပျာ်ရွှင်ရွှင် ပြင်ဆင်နေကြပါတယ်။ သုမေဓာရသေ့ဟာ ကောင်းကင်ခရီးက လှည့်လည်ရင်း ဒီမြင်ကွင်းကို တွေ့ရပြီး မေးမြန်းလို့ အကြောင်းစုံသိရတဲ့အခါ သူလည်း လမ်းကူပြင်မယ်ဆိုပြီး တစ်နေရာ တောင်းပါတယ်။ မြို့သားတွေ ကလည်း တန်ခိုးကြီးတဲ့ရသေ့ဆိုပြီး ရွှံ့ညွန်ထူထပ်တဲ့နေရာကို ပေးလိုက်ပါတယ်။ သုမေဓာရသေ့ဟာ လမ်းကို တန်ခိုးနှင့်ပြင်ရင် ချက်ချင်းပြီးမှာဖြစ်ပေမယ့် အားရအောင် ကုသိုလ်ယူချင်တာကြောင့် ကိုယ်တိုင်မြေထမ်း၊ လမ်းဖို့နေ ပါတယ်။ လမ်းပြင်တာ ပြီးခါနီးလေးမှာပဲ ဘုရားရှင်ကြွလာပါတယ်။ အဲဒီအခါ ရွှံ့ညွန်ပေါ်ကို ဘုရားရှင် မနင်းရအောင် ခန္ဓာကိုယ်ကို ဝပ်စင်းပြီး တံတားအဖြစ် လှူလိုက်ပါတယ်။ ဘုရားရှင်နှင့် ရဟန္တာလေးသိန်းတို့ဟာ တံတားအဖြစ် လှူထားတဲ့ သုမေဓာရသေ့ပေါ်ကို နင်းလျောက်သွားရင် ရသေ့သေသွားနိုင်ပါတယ်။ ဒါပေမယ့် အားကြီးလှတဲ့ သဒ္ဓါတရားနှင့် အသက်စွန့်ပြီး လှူဒါန်းတာပါ။ အဲဒါကို မြင်ရတဲ့ သုမိတ္တာအမျိုးသမီးလေး (ယသောဓရာလောင်းလျာ) ဟာ သူယူလာတဲ့ ကြာပန်းရှစ်ခိုင်ထဲက သုံးခိုင်ကို ကိုယ်တိုင်ပူဇော်ဖို့ချန်ပြီး၊ ငါးခိုင်ကို ရသေ့လေး ဘုရားပူဇော်နိုင်ဖို့ အတွက် ပေးလိုက်ပါတယ်။ သုမေဓာရသေ့ဟာ ကြာပန်းငါးခိုင်ကို ကိုင်ရင်း ဒီပင်္ကရာမြတ်စွာဘုရားကို ဝပ်စင်းပူဇော်နေ ပါတယ်။
ခန္ဓာကိုယ်ကို အလျားစင်း တံတားခင်းရင်း "ငါ့မှာ သတ္တဝါတွေကို ကယ်တင်နိုင်လောက်တဲ့ အရည်အချင်း ရှိပါလျက်နဲ့ တစ်ကိုယ်တည်း အလွတ်ရုန်းသွားဖို့ မသင့်ဘူး။ ဒီပင်္ကရာမြတ်စွာဘုရားလို သမ္မာသမ္ဗုဒ္ဓဘုရားတစ်ဆူ ဖြစ်အောင် ကြိုးစားပါ့မယ်။ ငါငြိမ်းအေးချမ်းသာသလို သတ္တဝါတွေ ငြိမ်းအေးချမ်းသာစေရမယ်။ ငါဟာ သံသရာ ရေပြင်ကျယ်ကို ကူးမြောက်ပြီး တစ်ဖက်ကမ်းရောက်သလို သတ္တဝါတွေလည်း ကူးမြောက်စေရမယ်။" စသဖြင့် ကြံစည်ရင်း အဓိဋ္ဌာန်လိုက်ပါတယ်။
ဒီပင်္ကရာမြတ်စွာဘုရားဟာ သုမေဓာရသေ့ရဲ့ ဦးခေါင်းရင်းမှာ ရပ်ပြီး "ခန္ဓာကိုယ်ကို အလျားခင်း တံတားစင်း ပြီး အသက်စွန့်လှူဒါန်းတဲ့ ဒီရသေ့ဟာ နောင်အခါ ငါဘုရားကဲ့သို့ ဘုရားတစ်ဆူ ဖြစ်လိမ့်မယ်" လို့ ဗျာဒိတ်စကား မိန့်ကြားတော်မူပြီး ရသေ့ပေါ်က မကြွဘဲ ရသေ့ဘေးက ကြွခဲ့ပါတယ်။
ဒါကြောင့် လမ်းတံတားဟာ ပရဟိတရဲ့ သင်္ကေတ၊ ပါရမီရဲ့ သင်္ကေတ၊ မဂ္ဂင်ရှစ်ပါးရဲ့ သင်္ကေတလို့ ဆိုလို့ရပါတယ်။ လမ်းတံတားအကြောင်းတွေးတဲ့အခါ ဝေနေယျသတ္တဝါတွေကို ငြိမ်းအေးရာနိဗ္ဗာန်ဆိုတဲ့ ဟိုဘက်ကမ်း ကိုရောက်အောင် တံတားခင်း လမ်းပြခဲ့တဲ့ မြတ်စွာဘုရားကို သတိရမိပါတယ်။ မြတ်စွာဘုရားရှင် ညွှန်ပြတော်မူတဲ့ မဂ္ဂင်ဆိုတဲ့ လမ်းတံတားကို လျှောက်လှမ်းရင် နိဗ္ဗာန်ကိုရောက်နိုင်မှာပါ။
သုမေဓာရသေ့ဘဝမှာ မြတ်စွာဘုရားရှင်နှင့် သံဃာတော်တွေအတွက် ခန္ဓာကိုယ်အလျားစင်း တံတားခင်းလှူ သလို မဟာကပိဇာတ်မှာ မျောက်မင်းဟာ အများအတွက် ခန္ဓာကိုယ်ကို တံတားထိုးလှူပစ်တဲ့ ဘဝမျိုးတွေလည်း မရေမတွက်နိုင်အောင် ရှိပါတယ်။ တံတားတွေကို မြင်တဲ့အခါ ဘုရားအလောင်းတော်ဖြည့်ကျင့်ခဲ့တဲ့ ပါရမီတော်တွေနှင့် ဘုရားရှင်ညွှန်ကြားထားတဲ့ မဂ္ဂင်လမ်းစဉ်ကို သတိရလိုက်ပါ။
လမ်း တံတားနှင့်တွဲပြီး မြင်ယောင်မိတာ ကတော့ ငြမ်း ပါ။  တံတားကတော့ အလျားလိုက်ပေါ့။ ငြမ်းကတော့ ဒေါင်လိုက်ပါ။ လယ်တီဆရာတော်ကြီးရဲ့ "သုံးလူ့ရှင်ပင်" ဗုဒ္ဓဝင်ဘုရားရှိခိုးမှာ ငြမ်း ဆိုတဲ့ စကားလုံးလေးကို ထည့်သုံးထားပါတယ်။ ဖွားတော်မူပုံကို ဖွဲ့ဆိုတဲ့အခါမှာ "နတ်လူ အောင်မြို့ လမ်းပါကို" တဲ့။ တောထွက်တော်မူပုံ မှာတော့ "စုံမြိုင်ပင်ရိပ် ခန်းမှာကို" တဲ့။ ဘုရားဖြစ်တော်မူပုံမှာတော့ "သုံးဖော်လူတို့ ငြမ်းပါကို" တဲ့။ ဓမ္မစကြာဟောတော်မူပုံကို "တရားနတ်စည် ရွမ်းတယ်ကို" လို့ ဖွဲ့ဆိုထားပါတယ်။
ဆရာကြီး ဦးသုခကတော့ လယ်တီဆရာတော်ကြီးသုံးနှုန်းဖွဲ့ဆိုတဲ့ "ငြမ်း" ဆိုတဲ့ စကားလုံးလေးကို  "စကားတစ်လုံး ဂုဏ်မဆုံး" တဲ့။ ငြမ်း ဆိုတာ အထက်ကိုတက်ပြီး ပြုပြင်မွမ်းမံတည်ဆောက်ဖို့ထားတဲ့ လှေကားအကြီးစားတစ်မျိုးပါ။ သုံးဖော်လူတို့ ငြမ်းပါကို - "ဗြဟ္မာနတ်လူ သုံးဘုံသူတို့ရဲ့ တည်ရာမှီရာ အားကိုးရာ ငြမ်းကြီးပမာ ဘုရားအဖြစ်သို့ ရောက်တော်မူပါတယ်။ ဘုရားရှင်ပွင့်တော်မူတာဟာ သုံးလောကသားတွေ စိတ်ဓာတ်မြင့်မြတ် အထက်တန်းကျပြီး မိမိကိုယ်မိမိပြုပြင်တည်ဆောက်နိုင်ဖို့၊ သုဂတိဘုံကို တက်လှမ်းနိုင်ဖို့၊ ဘုံဘဝတွေ ငြိမ်းရာ နိဗ္ဗာန်ကို တက်လှမ်းနိုင်ဖို့ အလွန်အားထားရတဲ့ အနှိုင်းမဲ့ ငြမ်းကြီးသဖွယ် ဖြစ်တော်မူပါတယ်" လို့ ဆိုလိုပါတယ်။ ငြမ်း ဆိုတဲ့ စကားလုံးလေးက မဟာကရုဏာတော်ကြီးကို ညွှန်းဆို လိုက်တာပါ။ ဘုရားအလောင်းတော်ဟာ သတ္တဝါတွေ နိဗ္ဗာန်ရောက်ဖို့ ထမ်းတင်လို့ ရမယ်ဆိုရင် ထမ်းတင်ပေး လိုက်ချင်တဲ့ ကြီးမားလှတဲ့ သနားကရုဏာနှင့် ပါရမီဖြည့်ခဲ့ပုံကို လယ်တီဆရာတော်ကြီးက ငြမ်း ဆိုတဲ့ စကားလုံးလေးနှင့် ထင်းထင်းမြင်အောင် သုံးနှုန်းလိုက်တာပါ။ ဘုရားဆုပန် ဗျာဒိတ်ခံစဉ်က ခန္ဓာကိုယ်ကို အလျားခင်း တံတားစင်းပြီး လှူခဲ့တဲ့ပုံရိပ်ဟာ "သုံးဖော်လူတို့ ငြမ်းပါကို" ဆိုတာ ဖော်ပြနေသလိုပါပဲ။

( ၃ )

ဦးဇင်းတို့ တက္ကသိုလ်ဝင်တန်းအင်္ဂလိပ်စာမှာ ပထမဆုံးသင်ရတဲ့ ကဗျာက "BRIDGES" တံတားများ တဲ့။
I like a bridge – Any kind of bridge at all.
A great steel bridge with towers stiff and tall;
An old covered bridge that spans a waterfall;
A hewn-stone bridge with its rugged floor and wall;
A railroad bridge where freight trains slowly crawl;
A wooden bridge, a cement bridge, whether big or small;
Yes, I like abridge – any kind of bridge at all.
(James S. Tippett)
ကျွန်ုပ်ဟာ တံတားအမျိုးအစားအားလုံးကို နှစ်သက်ပါတယ်။
ခိုင်ခံ့မြင့်မား မျှော်စင်များပါတဲ့ သံမဏိတံတားကြီးကိုလည်း နှစ်သက်ပါတယ်။
ရေတံခွန်ကိုဖြတ်သန်းဆက်သွယ်ထား အမိုးနှင့်တံတားအိုကိုလည်း နှစ်သက်ပါတယ်။
ထုဆစ်ကျောက်တုံးများနှင့် မညီမညာ တည်ဆောက်ထားတဲ့ တံတားကိုလည်း နှစ်သက်ပါတယ်။
ကုန်စည်ရထား တရွေ့ရွေ့သွားတဲ့ မီးရထားလမ်းတံတားကိုလည်း နှစ်သက်ပါတယ်။
သစ်သားတံတားပဲဖြစ်ဖြစ်၊ ကွန်ကရစ်တံတားပဲဖြစ်ဖြစ်၊
ကြီးကြီးငယ်ငယ် တံတားအသွယ်သွယ်၊ အားလုံးကို ကျွန်ုပ် နှစ်သက်ပါတယ်။
(ဂျိမ်းအက်စ်တိပတ်)
ကဗျာဆရာက တံတားအားလုံးကို နှစ်သက်ပါတယ်တဲ့။ တံတားဟာ အခက်အခဲနှင့် ဘေးအန္တရာယ် အသွယ်သွယ်ကို ကျော်ဖြတ်နိုင်ဖို့ အကူအညီပေးရင်း အများအကျိုးကို သယ်ပိုးဆောင်ရွက်နေပါတယ်။ ဒါ့ကြောင့်ပဲ ကဗျာဆရာက တံတားအားလုံးကို ချစ်တာဖြစ်မှာပါ။
ဒီကဗျာအရ ဦးဇင်းတွေးတော ခံစားမိတာလေးကို ပြောပါရစေ။  ကိုယ်က အများအကျိုးကို ကြီးကျယ် မြင့်မားစွာ ဆောက်ရွက်ပေးနိုင်ရင် A great steel bridge ဧရာမသံမဏိတံတားကြီး ပေါ့။  သံမဏိတံတားကြီးက ကြီးမားခိုင်ခံ့ပြီး မြင့်မားတဲ့ မျှော်စင်တွေလည်းပါ ပါတယ်။
ချစ်ခင်သူတွေ ခွဲခွာနေရသူတွေကို ပေါင်းကူးချိတ်ဆက် သင့်မြတ်အောင် ဆောင်ရွက်ပေးနိုင်သူကတော့ bridge that spans a waterfall ရေတံခွန်ကိုဖြတ်သန်းဆက်သွယ်ထားတဲ့ တံတားနှင့် တူပါတယ်။ မြစ်တွေ ချောင်းတွေ ခြားနေပြီး တံတားမရှိလို့ ဒီဘက်ကမ်းက တစ်ယောက်ငိုတဲ့ မျက်ရည်က ဟိုဘက်ကမ်းက တစ်ယောက်ကျတဲ့ မျက်ရည်နှင့် ဒီမြစ်ချောင်းထဲမှာပဲ ပေါင်းစည်းသွားပါစေလို့ ဆုတောင်းလိုက်ပါတယ် ဆိုလားပဲ။ ကြားဖူးတာပါ။ တကယ်လို့ တံတားရှိမယ်ဆိုရင်တော့ ငိုစရာမလိုတော့ဘူးပေါ့။ တံတားပ်ါဖြတ်ပြီး သွားတွေ့လိုက်ရုံပါပဲ။ ရေတံခွန်နောက်ခံနှင့် တံတားအလယ်မှာ ချစ်သူတွေ ဆုံတွေ့တဲ့ရပုံရိပ်ဟာ တော်တော်ကဗျာဆန်နေမှာပါ။
ခက်ခဲကြမ်းတမ်းတဲ့ဘဝပေမယ့် လောကအကျိုးကို သူ့နည်းသူ့ဟန်နှင့် သယ်ပိုးနေသူကတော့ hewn-stone bridge ကျောက်တုံးတံတား ပါ။ ကျော်တုံးတွေကို ထုဆစ်ထားပြီး တံတားခင်းထားတဲ့အခါ အခင်းနှင့်နံရံတွေဟာ မညီမညာဖြစ်နေပါတယ်။ မညီမညာဖြစ်နေပေမယ့် အများအကျိုး ထမ်းပိုးတဲ့တံတား၊ ကြမ်းတမ်းပေမယ့် ခိုင်မာတဲ့ ကျောက်တုံးတံတားရဲ့ နှလုံးသားကို မြင်ယောင်ကြည့်ပါဦး။
လောကအကျိုးကို တရွေ့ရွေ့ နှင့် ပုံမှန်ရေရှည်ဆောင်ရွက်နေသူကတော့ railroad bridge မီးရထားလမ်းတံတား နှင့်တူပါတယ်။ သစ်သားတံတားပဲဖြစ်ဖြစ်၊ ကွန်ကရစ်တံတားပဲဖြစ်ဖြစ် တံတားဟာ လမ်းခရီးကို အဆင်ပြေချောမွေ့အောင် ကူညီပေးပါတယ်။ ကိုယ်က ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ ပရဟိတလုပ်နေရင် "တံတားလိုလူ မြင့်မြတ်သူ" ပါပဲ။
လောကအတွက် ကိုယ့်ရဲ့ဆောင်ရွက်သယ်ပိုးနိုင်စွမ်းဟာ ဧရာမသံမဏိတံတားကြီးနှင် တူပါသလား၊ အမိုးပါတဲ့တံတားလား၊ ကျောက်တုံးတံတားလား၊ မီရထားတံတားလား၊ ကွန်ကရစ်တံတားလား၊ ဘယ်လိုတံတားမျိုးပဲ ဖြစ်ဖြစ်၊ သစ်သားတံတားလေးပဲဖြစ်ဖြစ် လောကအကျိုးကို ဆောင်ရွက်သယ်ပိုးနိုင်တာဖြစ်လို့ ဂုဏ်ရှိတာပါပဲ။ သံမဏိတံတားက ဂုဏ်ကြီးတယ်၊ သစ်သားတံတားက ဂုဏ်ငယ်တယ်လို့ ပြောချင်တာ မဟုတ်ပါဘူးနော်။ သူ့နေရာနှင့်သူ၊ သူ့အလှနှင့်သူ၊ သူ့အရေးပါမှုနှင့်သူ ပါပဲ။ ဒါ့ကြောင့် ကဗျာဆရာဟာ ဘယ်တံတားပဲဖြစ်ဖြစ် တံတားအားလုံးကို ချစ်တာနေမှာပါ။

( ၄ )

"ဥယျာဉ်, သစ်ပင်၊ ရေအိုးစင်နှင့် ၊  ထို့ပြင်ရေတွင်း၊ ခင်းသည့်တံတား၊ ကျောင်းကားတစ်ခု၊ ခြောက်စုဒါန ၊ စိုက်ပျိုးရ၍ ၊ နေ့နေ့ညည၊ အောက်မေ့မိက၊ ကုသလများစွာ၊ ပွားသည်သာ" တဲ့။ ထာဝရပုည (၆)မျိုးမှာလည်း လမ်းတံတားအလှူ ပါဝင်ပါတယ်။ လမ်းတံတား ပြုပြင်တည်ဆောက်လှူဒါန်းတာဟာ သတိရတိုင်း နေ့ရောညပါ အမြဲတမ်း ကုသိုလ်တိုးပွားရှင်သန်စေတဲ့ အလှူတစ်မျိုးပါ။ (သဂါထာဝဂ္ဂသံယုတ်၊ ဝနရောပသုတ်)
သိကြားမင်းကြီး ဦးမာဃ လူ့ဘဝဖြစ်စဉ်က ပြုခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေ၊ ပရဟိတအလုပ်တွေထဲမှာ လမ်းတံတား ပြုပြင်တည်ဆောက်တာလည်းပါဝင်ပါတယ်။ ဒါကြောင့် လမ်းတံတား လှူတာ၊ ပြုပြင်တာဟာလည်း လုပ်သင့်ကဲ့ ကုသိုလ်ပါပဲ။ လမ်းတံတားလည်းလှူ၊ လမ်းတံတားလို မြင့်မြတ်တဲ့ စိတ်ဓာတ်မျိုးလည်းထားပေါ့။
တံတားဆိုတာ ဝေးကွာနေသူတွေကို ပေါင်းစည်းပေးတဲ့အရာတစ်ခုပါပဲ။ ဘုရားအလောင်းတော်ဟာ ဘဝများစွာ ရှေးရှေးအခါက ဝေးကွာနေတဲ့ ဆွေမျိုး၊ မိတ်ဆွေတွေကို ပေါင်းဆုံနိုင်အောင် တံတားသဖွယ် ဆက်သွယ် ဆောင်ရွက်ပေးခဲ့ပါတယ်။ ကွာဟနေသူတွေကြားမှာ မေတ္တာတရားဆိုတဲ့ တံတားထိုးပေးလိုက်ပြီး ပေါင်းစည်းညီညွတ် စေခဲ့ပါတယ်။ အဲဒီကောင်းမှုကြောင့် အအိမ်ဖြင့်ဖုံးထားအပ်တဲ့ ယောက်ျားမြတ် အင်္ဂါဇာတ်ရှိပြီး အကျိုးဆက်အနေနှင့် ထောင်သောင်းမကတဲ့ သားတပည့်များစွာ ခြံရံနေပါတယ်။ (ဒီဃနိကာယ်၊ ပါထိကဝဂ်၊ လက္ခဏသုတ်)
တကယ်တော့ ဘုရားအလောင်းတော် ဆုပန်စဉ်ကလည်း အလျားစင်း တံတားခင်းလှူခဲ့သလို၊ မရေမတွက်နိုင်တဲ့ ဘဝပေါင်းများစွာမှာ အသွေးအသားအသက်ကို စွန့်လွှတ်ပြီး တံတားသဖွယ်၊ ငြမ်းသဖွယ် ပါရမီဖြည့်တာကလည်း သံသရာဆိုတဲ့ ဒီဘက်ကမ်းကနေ ငြိမ်းအေးရာ နိဗ္ဗာန်ဆိုတဲ့ ဟိုဘက်ကမ်းဆီကို သတ္တဝါများစွာ သွားရောက်နိုင်ဖို့ ဖြည့်ခဲ့တာပါ။ မြတ်စွာဘုရားရှင် ခင်းပေးတဲ့၊ ညွှန်ပြတဲ့ မဂ္ဂင်(၈)ပါးဆိုတဲ့ လမ်းတံတားသာမရှိရင် ဟိုဘက်ကမ်းကို ဘယ်လိုမှ မရောက်နိုင်ပါဘူး။
မြတ်စွာဘုရားရှင်ဟာ အပင်ပန်းခံပြီး မေတ္တာကရုဏာဉာဏ်ပညာနှင့် လမ်းတံတားကို ခင်းပေးခဲ့ပြီးပါပြီ။ ညွှန်ပြခဲ့ပြီး ပါပြီ။ မြတ်စွာဘုရားရှင်ရဲ့ တာဝန်ပြီးပါပြီ။ အဲဒီလမ်းတံတားကို လျှောက်လှမ်းဖို့ကတော့ ကိုယ့်တာဝန်ပါပဲ။ ကိုယ့်တာဝန်က အဲဒီ လမ်းတံတားပေါ်မှာ လျှောက်လှမ်းရုံလေးပါ။ ရဲရဲဝံ့ဝံ့သာ လျှောက်လှမ်းလိုက်ပါ။ ဟိုဘက်ကမ်းက ငြိမ်းချမ်းပါတယ်။

အရှင်ဉာဏဝရ(ပါရမီ)

စာညွှန်း
၁။ ဇာတ်တော်ငါးရာ့ငါးဆယ် - မာဏဝ
၂။ ဝိစိတြဝန္ဒနာဘုရားရှိခိုး၊ သိဿကောဝါဒစကားပုံနှင့်သြဝါဒကထာ - ရွှေကျင်ဆရာတော်ကြီး
၃။ မဟာဗုဒ္ဓဝင် (ပထမတွဲ၊ ပဉ္စမတွဲ) - မင်းကွန်းဆရာတော်ကြီး
၎။ သုံးပုံတံချူကျမ်း
၅။ ဟိုဘက်ကမ်းက ငြိမ်းချမ်းတယ် - ပါမောက္ခချုပ်ဆရာတော်ကြီး
၆။ သုတ ရသ ဓမ္မစာစုံ - သုခ
၇။ Paraphrasing (ဆယ်တန်းအင်္ဂလိပ်ကဗျာ စကားပြေပြန်ဆိုမှု) - စာသင်သန့်စင်

(မှတ်ချက်။ ။ လယ်တီဆရာတော်ကြီး၏ ဂမ္ဘီရကဗျာကျမ်းတွင် "သုံးဘော်လူတို့ ငြမ်းပါကို" ဟုပါရှိသည်။ တိပိဋကဓရမင်းကွန်းဆရာတော်ကြီး၏ မဟာဗုဒ္ဓဝင်ပဉ္စမတွဲတွင်လည်း "သုံးဘော်လူတို့ ငြမ်းပါကို" ဟုပါရှိသည်။ ဒဂုန်ဦးစန်းငွေ၊ ရဝေထွန်း၊ ဦးအောင်မွန်(မြတ်ဆုမွန်) သုံးဦးပေါင်းရေးသော သုံးလူ့ရှင်ပင်-ခုနှစ်နေ့ဗုဒ္ဓဝင်လင်္ကာအဖြေ စာအုပ်တွင်လည်း "သုံးဖော်လူတို့ ငြမ်းပါကို" ဟုပါရှိသည်။ စာအုပ်အချို့ ၌ သုံးဖော်လူတို့ ငြိမ်းပါကို ဟု ပုံနှိပ်ကြသည်။  ပဋိသန္ဓေယူခန်းတွင် "နတ်လူငြိမ်းဖို့ ကိန်းပါကို" ဟုပါပြီးဖြစ်သည်။ တောထွက်ခန်းမှ ဓမ္မစကြာဟောတော်မူခန်းအထိ "လမ်းမှာကို၊ ခန်းမှာကို၊ ငြမ်းပါကို၊ ရွမ်းတယ်ကို" ဟု အချစာပိုဒ်များအရလည်း "သုံးဖော်လူတို့ ငြမ်းပါကို" သာ အမှန်ဖြစ်ပါသည်။ စာမူရှုပ်ထွေးလေးလံသွားမည်စိုးသဖြင့် အောက်ခြေမှတ်စု အဖြစ်သာ ဖော်ပြလိုက်ရပါသည်။)

မှ/-
အရှင်ဉာဏဝရ (ပါရမီ)
17.7.17

ဓမ္မရိပ်မဂ္ဂဇင်း ၊ နိုဝင်ဘာလ ၂၀၁၇ တွင် ဖော်ပြခဲ့ပြီးဖြစ်ပါသည်။